ဝတ်ပြုရာယဇ်ပလ္လင်ရှိသော မိသားစုရိပ်မြုံ

မိသားစုဆိုသည်မှာ ဘုရားပေးလက်ဆောင်များထဲမှ တစ်ခု အပါအဝင်ဖြစ် ပါသည်။ လူသားတိုင်းမိသားစုဝင်ဖြစ်ကြပါသည်။ အမေအဖေ မိသားစုဝင် ဖြစ်ကြပါ သည်။ အမေအဖေမိသားစုဝင်မှ ကိုယ်ပိုင်မိသားစု၊ ၎င်းမှတစ်ဆင့် သားသမီးမြေးများ ၏ မိသားစုဟူ၍ ဘုရားပေးကောင်းချီးမင်္ဂလာကို အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့ကြ ပါသည်။ မိသားစုရိပ်မြုံသည် ကမ္ဘာပေါ်တွင် အသေးငယ်ဆုံးအဖွဲ့အစည်းဖြစ်ပါသည်။ အဖွဲ့အစည်းတိုင်းတွင် ဖွဲ့စည်းပုံစနစ်တကျရှိသလို မိသားစုရိပ်မြုံတွင်လည်း ဘုရား သခင်သည် အိမ်ထောင်၏ဦးစီးဖြစ်ပြီး ဖခင်နှင့်မိခင်သည် ဘုရားသခင်၏လမ်းညွန်မှု့ အောက်တွင် သားသမီးများကို ယေရှုခရစ်တော်၏ အလိုတော်နှင့်အညီ ကျွေးမွေးပြုစု စောင့်ရှောက်လျက် သွန်သင်ကြရပါသည်။ အချို့မိသားစုတို့တွင် တိုးချဲ့မိသားစုဝင်များ ဟုခေါ်သည့် အဘိုးနှင့်အဘွား၊ ယောက္ခမနှင့်ယောက္ခထီး၊ ဦးလေးနှင့်အဒေါ်၊ ယောက်ဖ နှင့်ယောင်းမ၊ တူနှင့်တူမ၊ မြေးများပါဝင်ကြပါသည်။

ယေရှုဘုရားအုပ်စိုးသော ခရစ်ယာန်အိမ်ထောင်မိသားစုတိုင်းသည် ဘုရား သခင်ကို ဦးထိပ်ပန်ဆင်ပြီး မိသားစုဝင်တိုင်းကလည်း ဘုရားကို ချစ်ရပါသည်။ အမေ အဖေက ဘုရားကိုချစ်ရုံဖြင့် မလုံလောက်ပါ။ သားသမီးကဘုရားကို သိရုံဖြင့် မလုံလောက် ပါ။ အဘိုးအဘွားတွေ ဘုရားကျောင်းသွားရုံဖြင့် မလုံလောက်ပါ။ ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်ပုံရိပ်နှင့်အတူ ဖြောင့်မတ်ခြင်း၊ ချစ်ခြင်းမေတ္တာငြိမ်းချမ်းခြင်း တို့ဖြင့် လောကကိုအလင်းပေးရပါသည်။ ထိုသို့လောကကိုအလင်းပေးဖို့ရန် အိမ်ထောင် မိသားစုဝင်တိုင်းသည် ဘုရားဝတ်၌မွေ့လျော်ဖို့ လိုအပ်ပါသည်။ အိမ်သူ၊ အိမ်သားတိုင်းဘုရားဝတ်၌မွေ့လျော်ဖို့ရန် မျက်မြင်အိမ်ထောင်ဦးစီးများဖြစ်ကြသော အမိနှင့်အဖတို့ ၏ ဘုရားပေးကောင်းချီးမင်္ဂလာနှင့် တာဝန်အခွင့်အရေး ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်က ကျွန်မတို့အားလုံးကို ကောင်းချီးမင်္ဂလာဆုကျေးဇူးအဖြစ် မိသားစုရိပ်မြုံကိုပေးခဲ့သောကြောင့် ဖြစ်ပါသည်။

ယနေ့ ကမ္ဘာကြီးသည် အိုင်တီခေတ်နှင့် တဖြည်းဖြည်း သေးငယ်သော ရွာ အသွင် ဖြစ်နေပါသည်။ အင်တာနက်၊ ဖေ့ဘုတ်၊ တွစ်တာစသဖြင့် လွှမ်းမိုးလျက် ရှိ နေသောကြောင့် အဘက်ဘက်မှ ၎င်းတို့၏ ကောင်းကျိုးဆိုးကျိုးကို မိသားစုတိုင်းက တပြိုင်တည်း ခံစားနေကြရပါသည်။ အထူးသဖြင့် မိသားစုရိပ်မြုံတိုင်း၏ လူမှု့ရေးရာ နယ်ပယ်တွင်၎င်း၊ အကျင့်စာရိတ္တရေးရားတွင်သော်လည်းကောင်း၊ ဝိညာဉ်ရေးရာနယ် ပယ်များတို့ကို စိန်ခေါ်လျက်ရှိပါသည်။ ၎င်းစိန်ခေါ်ချက်များကို ပြန်လည်တုန့်ပြန်ဖို့ လိုအပ်ပါသည်။ ဘုရားသခင်ကို အချိန်ပေးပြီး နှုတ်ကပတ်တော်ဖတ်ဖို့၊ ဆုတောင်းဖို့နှင့် ဝတ်ပြုဖို့ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိသားစုရိပ်မြုံသည် လူတိုင်း၏ အခြေခံ အုတ်မြစ်ဖြစ်ပါသည်။ မိသားစုရိပ်မြုံသည် အသိပညာအတတ်ပညာကို သင်ကြားပေး သော ပထမဦးဆုံးပညာရေးစင်တာဖြစ်သလို လူသားတိုင်း၏ ဝိညာဉ်ရေးရာနယ်ပယ် ကို စတင်ခရီးနှင်ခဲ့သောနေရာလည်း ဖြစ်ပါသည်။ လူသားတိုင်း၏ လက်ဦးဆရာသည် အဖေဖြစ်သလို လက်ဦးဆရာမသည် အမေဖြစ်ပါသည်။ ဘုရားသခင်ဟူသော ဝေါဟာရ ကို စတင်ကြားခဲ့ရသောနေရာ၊ ဘုရားသခင်ဟု စတင်ခေါ်တတ်သောနေရာနှင့် ဘုရား သခင်ထံဆုတောင်းရန် သင်ယူရသောနေရာနှင့် ဝတ်ပြုရန်သင်ကြားခံယူရသောနေရာ သည် မိသားစုရိပ်မြုံသာဖြစ်ပါသည်။ သို့သော်ယနေ့ ခရစ်ယာန်အိမ်ထောင်အများစု၏ အားနည်းချက်မှာ မိသားစုအတူတကွ ညဝတ်မပြုနိုင်ခြင်းဖြစ်ပါသည်။

ခရစ်တော်အုပ်စိုးသော စစ်မှန်သည့် ခရစ်ယာန်အိမ်ထောင်၏ များစွာသော လက္ခဏာများထဲမှ မိသားစုညဝတ်ပြုရာယဇ်ပလ္လင်ခြေရင်းသို့ ညတိုင်းပြန်ရောက်နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ ညတိုင်းဝတ်ပြုခြင်းမလုပ်နိုင်သည့်တိုင်အောင် တစ် ရက်ခြား သို့မဟုတ် တစ်ပတ်လျှင် အိမ်သူအိမ်သားတိုင်းစုံနိုင်မည့် သုံးရက်ကိုညှိပြီး ပြုလုပ်နိုင်ပါသည်။ ညဝတ်မရှိခြင်းထက်သာ၍ ကောင်းပါလိမ့်မည်။

ညဝတ်ယဇ်ပလ္လင်သည် အိမ်သူအိမ်သားများမကျေနပ်ချက်ကို ပြောပြရာနေရာ မဟုတ်ကြောင်းသိထားရပါမည်။ မိသားစုအစည်းအဝေးနှင့် မပေါင်းစပ်သင့်ပါ။ မိသားစု အစည်းအဝေးကို တခြားနေ့များတွင် ပြုလုပ်နိုင်ပါသည်။ ညဝတ်ယဇ်ပလ္လင်ရှိခြင်းအား ဖြင့် မိသားစုဝင်တိုင်းဘုရားနှင့်ပို၍ နီးကပ်စွာ အသက်ရှင်လာပါသည်။ မိမိအတွက် ဘုရား အလိုတော်ကိုသိရှိရုံသာမက အလိုတော်အတိုင်း နေ့စဉ်အသက်ရှင်ဖို့ တွန်းအားဖြစ်စေ ပါသည်။ ဘဝတစ်လျှောက်လုံး ဘုရားနှင့်အတူ အသက်ရှင်ပြီး ဘုရားရှေ့၊ လူရှေ့တွင် မျက်နှာရ၍သာသနာအတွက် နည်းလမ်းမျိုးစုံဖြင့် ပါဝင်ဆက်ကပ်လာနိုင်ပါသည်။ အကောင်းဆုံးမဟုတ်သော်လည်း အကြံပြုပါရစေ။ ညဝတ်ပြုရာတွင် အချိန် အားဖြင့် ၁၅-၂ဝ မိနစ်သည် အကောင်းဆုံးဖြစ်ပါသည်။ ဖခင်သို့မဟုတ် မိခင်က ဦးဆောင်ပြီးဆုတောင်းခြင်းဖြင့် အစပြုပါသည်။ ဓမ္မသီချင်းနားထောင်၍လည်း ကောင်း အချိန်ယူပါသည်။ ပြီးလျှင် နေ့စဉ်ခွန်အားမှ ဖေါ်ပြထားသောကျမ်းချက်နှင့် သက်သေခံချက် သို့မဟုတ် ကျမ်းစာအခန်းကြီးတစ်ခန်းကို မိသားစုအားလုံးအတူတကွ ဖတ်ကြပါသည်။ ကျမ်းစာဖတ်ရာတွင် အိမ်သူအိမ်သားတိုင်း အခန်းငယ်တစ်ပိုဒ်စီကို တစ်ယောက်တစ်လှည့်ဖြစ်စေ ဆုတောင်းပြီး၊ နောက်ဆုံးမှပဌနာတော်ကို အတူတကွ ရွက်ဆိုခြင်းဖြင့် အိမ်ထောင်၏ည၀တ်ကို အဆုံးသတ်ပါသည်။

ယနေ့နယ်ပယ် အသီးသီးက စိန်ခေါ်ချက်များကို ပြန်လည်တုန့်ပြန်နိုင်ဖို့ရန် အတွက် ခရစ်ယာန်အိမ်ထောင်တိုင်းသည် ဝတ်ပြုရာယဇ်ပလ္လင်ရှိသော မိသားစုရိပ်မြုံ ဖြစ်ကြပါစို့။ ။

သိက္ခာတော်ရဒေါက်တာဒေါ်ခင်ဆွေဦး