ခရစ်တော်မွေးနေ့

အကြောင်းပြုကာ ဗိမာန်တော်တွေ

အိမ်တွေ ဆင်ခြင်မိတာ .

မိမိနှလုံးသား ပြင်ဆင်ရဲ့လား။

လမ်းတွေ ဈေးဆိုင်တွေမှာ

အလှဆင်ထားတာ လှလိုက်တာ

မီးကြိုးသွယ်တန်း

လှပသစ်ဆန်း

လင်းလက်တောက်ပ

လှပေစွ မိမိအသက်တာ

ပုံသက်သေကောင်းပြကာ

ကိုယ်တော်ဘုန်းတော်

ထင်ရှားစေရန် ရှင်သန်ခဲ့ရဲ့လား

ဆင်ခြင်စဉ်းစား။

ခရစ်တော်မွေးနေ့သမယမှာ

အချင်းချင်း အပြန်အလှန်

လက်ဆောင်တွေပေး

ကျွေးမွေးနေချိန် မွေးနေ့ရှင်

ခရစ်သခင်အတွက်

ဘာလက်ဆောင်ပေးဆက်။

မွေးနေ့ရှင်ခရစ်သခင်ကို

မေ့ထားမိနေလား

ကယ်တင်ရှင် မွေးဖွားခဲ့ကြောင်း

ဝမ်းမြောက်ဘွယ်သတင်းကောင်းကို

လိုက်လံကာ

နှုတ်ခွန်းဆက်သီဆို နှုတ်ဖျားမှလား၊

နှလုံးသားမှလား မေတ္တာနဲ့လား

ဆန်းစစ်မိရဲ့လား ဆင်ခြင်ကာ စဉ်းစား။

ဝမ်းမြောက်ဖွယ်

သတင်းကောင်းကြားရသူအပေါင်း

ခရစ်သခင်ကို ကယ်တင်ရှင်အဖြစ်

လက်ခံယုံကြည်ကာ

ဘုရားရှင်ရဲ့ မေတ္တာခံစားရကာ

ကယ်တင်ခြင်း ဆုကျေးဇူး

အခွင့်ထူးကို ဆွတ်ခူးစေပြီလား

ဆင်ခြင်ကာ စဉ်းစား။

အမျိုးမျိုးတွေး၊ အမျိုးမျိုးရေး၊

အမျိုးမျိုးမေးကာ ဆင်ခြင်မိတာ

ကိုယ့်ကိုကိုယ် ဆင်ခြင်ကာ

တစ်နှစ်တာအဆုံးမှာပြုပြင်ကာ

နှစ်သစ်ဆီသို့ ဝင်ရောက်ဖို့

နှုတ်ကပတ်တော်မှ အဖြေရှာလို့

ကျေးဇူးတော် ချီးမွမ်းကာ

သခင်နဲ့အတူ သခင့်ခွန်အားနဲ့

သခင်စေရာသွား

သခင်ခိုင်းတာလုပ်ဖို့

ဆုတောင်းခွန်အားယူလျက်

သခင့်အတွက် ရှေ့သို့ချီတက် ဘဝခရီးဆက်။

မပန်းချစ်(ပညာရေး)