ရှုပ်ထွေးဆူညံ၊ လူတကာအသံနဲ့
မူးဝေနောက်အောင်၊
တောင်မြောက်ပြေးလွှား
မောင်းနှင်သွား၊ ကားများစွာ–
ကိုယ်ပိုင်ကားမဲ့၊ မှတ်တိုင်တစ်ခုရဲ့ ကြားခရီးစဉ်မှာ၊ ငါရပ်နေရင်း
လင်းကနဲအသိ၊ ဝိညာဉ်ရေးရာ
ဆင်းရဲအတိ၊ လူတွေများစွာ
လမ်းနံဘေး၊ ဝမ်းရေးအတွက်
ကြိုးပမ်းရှာရသူတွေ
ရုံးအဆင်းအတက်၊
ကသုတ်ကရက်နဲ့
ပြေးလွှားနေရသူတွေ
လူအမျိုးမျိုး ၊ စိတ်အထွေထွေ
လူ့ စိတ်တွေမှာ—
“တမလွန်အရေးတွေးယူ ၊
ဆွေးပူကြပါမလား “ဟု ထိုအသိကြောင့် ရင်မချိ
လူတွေဆီအကြည် ၊
ရုတ်သိမ်းမိရင်း ထူးမြတ်သခင်၊
ကိုယ်တော်ရှင်ထံ တစ်ခွန်းစကားနဲ့ ၊ တောင်းလျှောက်ထားမိတယ်
“အို—— အဘ ၊
ထိုသူတို့၏ အပြစ်ကိုလွှတ်တော်မူပါ”
သစ်ထွေးချစ်