လူငယ်လေး မောင်ခန့် သည် တစ်ညတွင် အိပ်မက်တစ်ခု မက်လေသည်။ ထိုအိပ်မက်ထဲတွင် သူသည် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲ၌ လှေငယ်လေးတစ်စင်းဖြင့် ခရီးနှင်နေသည်။ ဘေးနားတွင် ခရစ်တော်သည် အတူရှိနေပြီး သူ၏လှေကို လမ်းပြပေးနေသည်။

လှိုင်းလေငြိမ်သက်နေချိန်တွင် မောင်ခန့်သည် ခရစ်တော်၏လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး “ကိုယ်တော်… အကျွန်ုပ် ကိုယ်တော့်ကို ဘယ်တော့မှ လက်လွှတ်မှာမဟုတ်ဘူး” ဟု ယုံကြည်ချက်အပြည့်ဖြင့် ကတိပေးခဲ့သည်။

သို့သော် မကြာမီမှာပင် ကောင်းကင်ကြီး မှောင်မိုက်လာပြီး ပြင်းထန်သော မုန်တိုင်းတစ်ခု ကျရောက်လာတော့သည်။ လှိုင်းလုံးကြီးများက လှေငယ်ကို ရိုက်ခတ်ပြီး ရေများ ဝင်လာသည်။ မောင်ခန့်သည် ကြောက်လန့်တကြားဖြင့် ခရစ်တော်၏လက်ကို အတင်းဆုပ်ကိုင်ထားသည်။ သို့သော် လှိုင်းက ပို၍ပြင်းထန်လာပြီး မောင်ခန့်၏ အားအင်များ ဆုတ်ယုတ်လာသည်။

“ကျွန်တော် ဆက်ပြီး မကိုင်ထားနိုင်တော့ဘူး…” ဟု သူ စိတ်ပျက်အားငယ်စွာ ညည်းတွားမိသည်။ အအေးဒဏ်နှင့် ပင်ပန်းမှုကြောင့် မောင်ခန့်၏ လက်ချောင်းများ တဖြည်းဖြည်း ပြေလျော့သွားပြီး ခရစ်တော်၏လက်ကို လွှတ်လိုက်ရပါတော့သည်။

သူသည် ပင်လယ်ထဲသို့ ကျဆင်းသွားတော့မည်ဟု ထင်မှတ်ကာ မျက်စိမှိတ်ထားလိုက်သည်။ သို့သော် သူ ရေထဲသို့ မကျသွားပါ။ တစ်စုံတစ်ခုက သူ့ကို အရင်ကထက် ပိုမိုခိုင်မာစွာ ဆွဲကိုင်ထားသည်ကို သူ ခံစားလိုက်ရသည်။

သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ… ခရစ်တော်သည် မပြောင်းလဲသော အပြုံးဖြင့် သူ့ကို ကြည့်နေသည်။ မောင်ခန့်က ခရစ်တော်၏လက်ကို လွှတ်လိုက်ရသော်လည်း၊ ခရစ်တော်၏ လက်တော်က မောင်ခန့်၏ လက်ကောက်ဝတ်ကို မြဲမြံစွာ ဖမ်းဆုပ်ထားခြင်း ဖြစ်သည်။

ခရစ်တော်က ညင်သာစွာ မိန့်တော်မူသည်မှာ –

“ငါ့သား… မင်းရဲ့အားအင်နဲ့ ငါ့ကို ဆုပ်ကိုင်ထားနိုင်လို့ မင်းဘေးကင်းနေတာမဟုတ်ဘူး။ ငါ့ရဲ့ တန်ခိုးနဲ့ မင်းကို ငါဆုပ်ကိုင်ထားလို့သာ မင်းဘေးကင်းနေတာ ဖြစ်တယ်။”

 

မောင်ခန့် နိုးလာသောအခါ သူ့နှလုံးသားထဲတွင် ငြိမ်သက်ခြင်းအသစ်ကို ရရှိသွားသည်။ သူ၏ ကယ်တင်ခြင်းနှင့် လုံခြုံခြင်းသည် သူ၏ ကြိုးစားမှု (သို့မဟုတ်) သူ၏ ခိုင်မာမှုအပေါ်တွင် မူတည်နေခြင်းမဟုတ်ဘဲ၊ သူ့ကို ဘယ်တော့မှ လက်လွှတ်မည်မဟုတ်သော ခရစ်တော်၏ ဂရုဏာတော် ပေါ်တွင်သာ မူတည်ကြောင်း သူ နားလည်သွားခဲ့ပါသည်။