ကိုစိုး ဟာ အသင်းတော်ရဲ့ လူငယ်လူမှုရေးကော်မတီမှာ တက်ကြွတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ သူ့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်၊ နာမည်က ကျော်ကျော်။ ကျော်ကျော်ကတော့ အသင်းတော်ဝတ်ပြုအစည်းအဝေးတွေကို လာခဲပါတယ်။ လာရင်လည်း ခဏနေရင် ပြန်ချင်တဲ့သူ၊ “အလုပ်များလို့” “ပင်ပန်းလို့” “ဧည့်သည်လာလို့” ဆိုတဲ့ ဆင်ခြေပေါင်းစုံနဲ့ ဝေးနေတတ်သူပေါ့။
တစ်နေ့မှာတော့ အသင်းတော်လူငယ်ခေါင်းဆောင်က ကိုစိုးကို ပြောပါတယ်။
“ကိုစိုး… ကျော်ကျော်ကို သတိပေးလိုက်ပါဦး။ အစည်းအဝေးတွေ အရမ်းပျက်နေပြီ။ စည်းကမ်းအရဆိုရင်တော့ သူ့ကို အသင်းတော်တာဝန်တွေကနေ ခေတ္တရပ်နားရတော့မယ်”
ကိုစိုးက ခေါင်းညိတ်ပြီး ကျော်ကျော်ဆီကို သွားပါတယ်။ ဒါပေမဲ့ သူသွားတဲ့အခါ “မင်းဘာလို့ အစည်းအဝေးမလာတာလဲ၊ စည်းကမ်းရှိစမ်းပါ” လို့ အပြစ်တင်ဖို့ မဟုတ်ဘဲ လက်ဖက်ရည်ထုပ်နဲ့ မုန့်အချို့ ဝယ်သွားခဲ့ပါတယ်။
ကျော်ကျော်အိမ်ရောက်တော့ ကျော်ကျော်က အံ့ဩသွားပါတယ်။
“ဟေ့လူ… ငါ့ကို လာဆူတာလား၊ ငါသိတယ်… အစည်းအဝေးမလာလို့ မဟုတ်လား” လို့ ကျော်ကျော်က ရယ်ကျဲကျဲနဲ့ အရင်ဦးအောင်ပြောပါတယ်။
ကိုစိုးက ပြုံးပြီး…
“မဟုတ်ပါဘူးကွာ၊ မင်းကို သတိရလို့ လာလည်တာ။ အလုပ်တွေ အရမ်းပင်ပန်းနေလားလို့”
ကိုစိုးက ကျော်ကျော်ရဲ့ အခက်အခဲတွေကို နားထောင်ပေးပါတယ်။ ကျော်ကျော်က သူ့အလုပ်ခွင်မှာ စိတ်ဖိစီးနေတာတွေ၊ အသင်းတော်က လူအချို့ရဲ့ ဝေဖန်မှုကို ကြောက်နေတာတွေကို ရင်ဖွင့်လာပါတယ်။ ကိုစိုးက ဘာမှပြန်မချေပဘဲ “နားလည်ပါတယ်ကွာ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ အဖော်လုပ်ပေးခဲ့တယ်။
နောက်တစ်ပတ် တနင်္ဂနွေနေ့မနက်မှာ ကိုစိုးက ကျော်ကျော်ဆီ ဖုန်းဆက်ပါတယ်။
“ကျော်ကျော်… ဒီနေ့ ငါမင်းအိမ်ရှေ့က ဖြတ်လာမယ်၊ ငါနဲ့အတူ လိုက်ခဲ့မလား။ ဝတ်ပြုပြီးရင် ငါတို့ အပြင်မှာ မုန့်သွားစားကြမယ်လေ”
ကျော်ကျော် ငြင်းဖို့ အကြောင်းပြချက် ရှာမရတော့ပါဘူး။ ကိုစိုးရဲ့ စိတ်ရှည်မှုနဲ့ စစ်မှန်တဲ့ ဂရုစိုက်မှုကို သူခံစားရလို့ပါ။ အသင်းတော်ရောက်တဲ့အခါမှာလည်း ကိုစိုးက ကျော်ကျော်ကို လူတွေကြားထဲ ပစ်မထားဘဲ ဘေးမှာထိုင်ပေးပြီး အတူတူရှိပေးခဲ့ပါတယ်။
လအနည်းငယ်အကြာမှာတော့… ကျော်ကျော်ဟာ ဆင်ခြေပေးသူဘဝကနေ အစောဆုံးရောက်လာသူ တစ်ယောက် ဖြစ်လာပါတယ်။ တစ်ယောက်ယောက်က သူ့ကို “ဘယ်လိုဖြစ်ပြီး ပြောင်းလဲသွားတာလဲ” လို့ မေးတဲ့အခါ သူက ပြုံးပြီး ဖြေပါတယ်။
“ငါ့ကို စည်းကမ်းတွေနဲ့ မောင်းထုတ်ခဲ့ရင် ငါဝေးသွားမှာပဲ။ ဒါပေမဲ့ ကိုစိုးရဲ့ မေတ္တာက ငါ့ကို အိမ်ပြန်လမ်း ပြပေးခဲ့တာပါ”