ဦးနှောနေ့

ခရစ်နှစ် ၁၈၁၃ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့ တွင် အမေရိကန် နှစ်ခြင်းခရစ်ယာန် သာသနာပြု ဆရာ ယုဒသန်နှင့် မမ ယုဒသန် (အဲန်း) တို့သည် အိန္ဒိယနိုင်ငံ၊ မဒရပ်မြို့မှ “ဂျော်ဂျီယားနား” အမည်ရှိ သင်္ဘောဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ ဆရာ ယုဒသန် သည် မြန်မာ့မြေပေါ်တွင် မြန်မာတိုင်းရင်းသားများအား သာသနာပြုရာတွင် မြန်မာစာနှင့် မြန်မာစကားကို တတ်ကျွမ်းရမည်ဟု သဘောပေါက် နားလည်ထားသည့်အပြင် မြန်မာတို့၏ ရေခံမြေခံ၊ ဓလေ့ထုံးစံတို့နှင့် လိုက်လျော ညီထွေစွာ လုပ်ဆောင်ရမည်ဟုလည်း နားလည်ထားပုံ ရသည်။ သို့ဖြစ်၍ မြန်မာစကားကို သင်ကြားပို့ချပေး နိုင်မည့် ဆရာကောင်းကောင်းတစ်ဦးကို ရှာဖွေခဲ့သည်။ ထို ဆရာသည် မြန်မာစကားကို အင်္ဂလိပ်လို ရှင်းလင်းပြ နိုင်သည့် ဆရာမျိုးဖြစ်စေရန် လိုလားခဲ့သည်။ သို့သော် ထိုသို့သော ဆရာမျိုး မရှိရကား ဟိန္ဒူဘာသာဝင် ဆရာ တစ်ယောက်ကို ငှားရမ်း သင်ကြားစေခဲ့သည်။ သို့ရာတွင် ထို ဆရာသည် အင်္ဂလိပ်လို တစ်ခွန်းတစ်ပါဒမျှ မတတ် သဖြင့် အခက်အခဲနှင့် ကြုံတွေ့ ခဲ့ရသည်။ အရာရာကို လက်ညှိုးညွှန်၍ မြန်မာစကားဖြင့် မည်သို့ အသံထွက် ခေါ်ဝေါ်သည်ကို အင်္ဂလိပ်လို ရေးမှတ်၍ သင်ယူကြ ရသည်။ တစ်နေ့လျှင် (၁၂) နာရီခန့်မျှ သင်ကြား ခံယူခဲ့ ကြရသည်။

ထို့ပြင် မြန်မာစာကို ပညာရှင် ဆရာဦးအောင် မင်း၊ ပါဠိစာကို ပညာရှင် ဆရာဦးရွှေငုံတို့ထံမှ ဆည်းပူး လေ့လာ သင်ကြားခံယူခဲ့သည်။ အချိန်ကာလ သုံးနှစ်နီးပါး သင်ကြားခံယူပြီးနောက် မြန်မာသဒ္ဒါမှတ်စုကို ရေးသား နိုင်ခဲ့သည်။ ခရစ်နှစ် ၁၈၁၇ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဆရာယုဒသန် ရေးသားပြုစုသည့် “ ကောင်းကင်ဘုံသို့ သွားရာလမ်း” စာအုပ်ကို အုပ်ရေ (၁ဝဝဝ) ပုံနှိပ်ထုတ်ဝေ ခဲ့သည်။ ထိုနည်းတူ မမ ယုဒသန်သည်လည်း “ဓမ္မ အမေး အဖြေ” ဟူသော စာအုပ်ကို ရေးသား ပုံနှိပ်ထုတ်ဝေ နိုင်ခဲ့သည်။

ဆရာ ယုဒသန်သည် မြန်မာတို့၏ ဇရပ် ပုံစံအတိုင်း ဇရပ်တစ်ဆောင်ကို လူစည်ကားရာအရပ်ဖြစ်သည့် ရွှေတိဂုံ စေတီသို့ သွားရာ လမ်းဘေးတစ် နေရာတွင် ဆောက်လုပ်ပြီး ခရစ်နှစ် ၁၈၁၉ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် ကျေးဇူးတော် ချီးမွမ်းလျက် ဝတ်ပြု ကိုးကွယ်နိုင်ခဲ့သည်။ ဇရပ်အနီးမှ ဖြတ်သန်း သွားလာ သူများအား ဖိတ်ခေါ်၍ ခရစ်တော်၏ ကယ်တင်ခြင်း တရားတော်ကို ဟောပြောလေ့ရှိသည်။ ကံဘဲ့၊ တံတား လေး၊ ကျိုက္ကဆံ စသည့် ကျေးရွာများမှ လူများ လာရောက် တရားလေ့လာ ဆွေးနွေးကြသည်။

ခရစ်နှစ် ၁၈၁၉ ခုနှစ်၊ ဧပြီလ (၃၀) ရက်၊ သောကြာနေ့တွင် လှိုင်ဘောလယ်ရွာသား “ဦးနော” အမည်ရှိ ပုဂ္ဂိုလ်တစ်ဦးသည် ဆရာယုဒသန် ဟောကြား သည့် တရားတော်ကို ဆိတ်ငြိမ်စွာ အာရုံစူးစိုက်လျက် နားထောင်သည်။ တရားနာပြီးလျှင် သိလိုသမျှကို ဆရာ ယုဒသန်အား ဆွေးနွေးမေးမြန်းသည်။ သူသည် သစ် ကုန်သည်တစ်ဦးထံတွင် သစ်ဖောင်ချသည့်အလုပ်ကို လုပ်နေသူ ဖြစ်သည်။

နောက်တစ်နေ့ မေလ (၁) ရက်နေ့တွင်လည်း တရားဇရပ်သို့ တစ်ဖန် ပြန်လာပြီး ခရစ်ယာန်အယူဝါဒနှင့် စပ်ဆိုင်သည့် အကြောင်းအရာများကို သိလိုသမျှ မေးမြန်း ဆွေးနွေးပြန်သည်။ ထို့အတူ မေလ (၂) ရက်နေ့တွင်လည်း ရောက်လာပြီး ပရိသတ် (၃ဝ) ဦးနှင့်အတူ တရားနာ ပြန်သည်။ မေလ (၉) ရက် (တနင်္ဂနွေ) နေ့တွင် ဦးနှော သည် တရားနာယူသူ ပရိသတ် (၃ဝ) ဦးတို့၏ ရှေ့မှောက် တွင် သခင် ယေရှုခရစ်တော်ကို မိမိ၏ အပြစ်များသော ဘဝကို ကယ်တင်သည့် ကယ်တင်ရှင်အဖြစ် သက်ဝင် ယုံကြည်လက်ခံပြီ ဖြစ်ကြောင်း အတိအလင်း၊ ရဲရဲဝံ့ဝံ့ ဝန်ခံခဲ့သည်။

သို့သော် နောက်တစ်နေ့ မေလ (၁၀) ရက်နေ့ တွင် သစ်ဖောင်ချသည့်အလုပ်ဖြင့် တစ်နယ်တစ်ကျေးသို့ သွားရမည်ဖြစ်ရာ လုပ်ငန်းကိစ္စ ပြီးစီး၍ ပြန်လာသည့်အခါ နှစ်ခြင်းမင်္ဂလာခံယူမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ များမကြာမီ ဦးနောသည် သစ်ဖောင်ချသည့်အလုပ်ကို စွန့်လွှတ်ကာ ရန်ကုန်မြို့သို့ ပြန်ရောက်လာသည်။ ထိုစဉ် တွင် လှေသူကြီး တစ်ဦးထံတွင် အလုပ်ရရှိသဖြင့် နေပြည် တော်သို့ ခရီးပြုရန် အကြောင်းဖန်လာပြန်သည်။ ထိုသို့ ခရီးပြုရလျှင် အချိန်ကာလအားဖြင့် တစ်နှစ်ခွဲခန့် ကြာမြင့် မည်ဖြစ်ရာ ဆရာယုဒသန် အပါအဝင် သာသနာပြုဆရာ တို့က ဦးနော၏ ယုံကြည်ခြင်းကို ဆက်လက် ပြုစု ပျိုးထောင်ရန် လိုအပ်ကြောင်း နားလည်သဖြင့် ဓမ္မစာပေ များကို ပုံနှိပ်ရန် ပုံနှိပ်ဆရာ ဟော့ (ဖ်) သည်လည်း လတ်တလော မရှိသဖြင့် ဦးနှောကို စားဝတ်နေရေး အတွက် အခကြေးငွေပေးကာ ပုံနှိပ်လုပ်ငန်းတွင် ဝင် ရောက်လုပ်ကိုင်စေခဲ့သည်။ ဆရာယုဒသန် မြန်မာဘာသာ သို့ ပြန်ဆိုထားပြီးသည့် ကျမ်းစာများကို လက်ရေးဖြင့် ကူးယူသည့် အလုပ်ကို လုပ်ကိုင်ရသည်။ သို့ဖြစ်၍ ဦးနောသည် စာမတတ်၊ ပေမတတ် ပုဂ္ဂိုလ်တစ်ဦး မဟုတ်ကြောင်း သိသာစေသည်။ ထို့ပြင် ဦးနောအား မိမိတို့နှင့်အတူ သာသနာဝင်းအတွင်း လာရောက်နေထိုင် ရန် သာသနာပြုဆရာများက ဖိတ်ခေါ်ခဲ့သည်။

ထိုကာလအတွင်း ရန်ကုန်မြို့ဝန်အား အမရပူရ နေပြည်တော်မှ ဆင့်ခေါ်သဖြင့် မြို့ဝန်သည် နေပြည်တော် သို့ လှေဖြင့် ဆန်တက်သွားသည်။ မကြာမီ မြန်မာဘုရင် ဘိုးတော်ဘုရား နတ်ရွာစံတော်မူပြီး မြေးတော် ဘကြီး တော်မင်း နန်းစံတော်မူပြီဟု သတင်းစကားများ ကြားသိရသည်။ ဆရာ ယုဒသန်နှင့် အခြား သာသနာပြုဆရာ များတို့သည် ဦးနောအား တစ်စေ့တစ်စောင်း အနီးကပ် အကဲခတ်လျက်ရှိသည်။

ဦးနော၏ သခင် ယေရှုခရစ်တော်အား ယုံကြည် ကိုးကွယ်လိုသည့် စိတ်သည် တစ်နေ့တခြား ပြင်းပြလာ သဖြင့် ခရစ်နှစ် ၁၈၁၉ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့တွင် စာတစ်စောင် ရေးလေသည်။ ထိုစာမှာ “ဘုရားသခင်၏ သားတော် ယေရှု ခရစ်သည် လူတို့၏အပြစ်အတွက် အသေခံတော်မူကြောင်းကို ကျွန်တော် မောင်နော ယုံကြည်ပါသည်။ ကျွန်တော်သည် အပြစ်များသူတစ် ယောက် ဖြစ်၍ အပြစ်ဒဏ်ကို ခံထိုက်ပါ၏။ သို့ဖြစ် သောကြောင့် သခင် ယေရှုဘုရား၏ ကုသိုလ်တော် ကောင်းကျိုးများ၌ ခိုလှုံ၍ ကိုယ်တော်၏တပည့် ဖြစ်စေရန် နှစ်ခြင်းမင်္ဂလာကိုခံလျက် ကျွန်တော်သည် ကောင်းကင်၌ ပျော်မွေ့ခြင်းတွင် ညီအစ်ကိုတစ်စုကဲ့သို့ ဆရာတို့ အပေါင်း အသင်းတွင် တပည့်တစ်ယောက်အဖြစ် နေနိုင်ရန် နှစ်ခြင်း ပေးပါမည့်အကြောင်း တောင်းပန်ပါသည်။ ဆရာတို့ သုံးဦး သည် သင့်တော်သောနေ့ရက်ကို ချိန်းချက်၍ ကျွန်တော် သည် နှစ်ခြင်းမင်္ဂလာ ခံယူပါမည့်အကြောင်း လျှောက် ထားပါသည်” ဟု ဖော်ပြပါရှိသည်။ သို့ဖြစ်၍ သာသနာပြု ဆရာများတို့က ဇွန်လ (၁၃) ရက် (တနင်္ဂနွေနေ့) တွင် ဦးနောအား နှစ်ခြင်းမင်္ဂလာပေးရန် ဆရာယုဒသန်၊ ဆရာ ကိုးလ်မန်းနှင့် ဆရာ ဝှီးလော့တို့ တိုင်ပင် ဆုံးဖြတ်ကြ လေသည်။

မင်းပြောင်းမင်းလွှဲအချိန်ဖြစ်ရကား နိုင်ငံရေး အခြေအနေ မငြိမ်မသက်ဖြစ်မည့် အနေအထားသို့ ရောက်နိုင်သဖြင့် ဦးနောအား နှစ်ခြင်းမင်္ဂလာပေးမည့် နေ့ရက်ကို ရွှေ့ဆိုင်းခဲ့ကြရသည်။ ထိုသို့ဖြင့် ၁၈၁၉ ခုနှစ်၊ ဇွန်လ (၂၇) ရက် (တနင်္ဂနွေနေ့) ဝတ်ပြုစည်းဝေးအပြီး မွန်းလွဲပိုင်းအချိန်တွင် ငွေကြာပင်များ ပွင့်လျက်ရှိသည့် လိပ်ပြာကန်ဟု အမည်တွင်သော ရေကန်ကြီး၌ ဆရာ ယုဒသန်သည် ဦးနောအား နှစ်ခြင်းမင်္ဂလာ ပေးခဲ့သည်။

မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းတော်များ အဖွဲ့ချုပ်ဟု နောင်တွင် အမည်ပြောင်းလဲခေါ်ဆိုမည့် မြန်မာသာသနာပြုအသင်းကြီးသည် ဦးနော နှစ်ခြင်း မင်္ဂလာခံယူခဲ့သည့် ဇွန်လ (၂၇) ရက်နေ့နှင့် အနီးဆုံး တနင်္ဂနွေနေ့အား မြန်မာသာသနာပြု အသင်းကြီးနေ့ အဖြစ် သတ်မှတ်ကျင်းပခဲ့ရာမှ ခရစ်နှစ် ၁၉၂၇ ခုနှစ်တွင် ဦးနှောနေ့ဟု ပြင်ဆင် သတ်မှတ် ကျင်းပခဲ့ရာ ယနေ့တိုင် ဖြစ်သည်။ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းတော်များ အဖွဲ့ချုပ်ဝင် အသင်းတော်များတွင် ဦးနှောနေ့၌ အသင်း တော် အချင်းချင်း တရားပလ္လင် လဲလှယ်၍ သာသနာ့ လုပ်ငန်းများအတွက် တိုက်တွန်းနှိုးဆော်ခြင်း၊ ပါဝင် လှူဒါန်းခြင်းအမှုများကို ပြုကြသည်မှာ ယနေ့တိုင် ဖြစ် သည်။

ရှေးဘိုးဘေးများတို့ လက်ဆင့်ကမ်းခဲ့သော ဦးနော ကဲ့သို့ ရဲရင့်တည်ကြည်သည့် ယုံကြည်ခြင်းမျိုးကို သားစဉ်မြေးဆက်တို့အား လက်ဆင့်ကမ်းနိုင်ရန် ဦးနှောနေ့ အား နှစ်စဉ် ကျင်းပနေကြခြင်း ဖြစ်ပေသည်။

(၂ဝ၁၃ ခုနှစ်၊ ဇွန်လထုတ် မြန်မာ့တမန်မှ ကောက်နုတ် ဖော်ပြပါသည်။)

Categories: Uncategorized